လေ့လာမယ်။ ဖန်တီးမယ်။ မျှဝေမယ်။

စုမြတ်နိုင် Founder/ Handmade Jewelry Instructor

ကျွန်မက ခရီးသွားရတာ နှစ်သက်တဲ့အတွက် ခရီးသွားကုမ္ပဏီတစ်ခုမှာ ခရီးသွားအကြံပေးအဖြစ် အလုပ်လုပ်ကိုင်ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှာ ကျွန်မ Pearl and Fancy Making Workshop ဆိုတဲ့ သင်တန်းကြော်ငြာလေးတစ်ခုကို တွေ့တော့ စိတ်ဝင်စားလို့ သွားတက်ဖြစ်ပါတယ်။ သင်တန်းပြီးတော့ အားတဲ့အချိန်မှာ ဟန်းမိတ် ဆွဲကြိုး၊ နားကပ်၊ လက်ကောက်လေးတွေ လုပ်ဖြစ်ပါတယ်။ ကျွန်မလုပ်ထားတဲ့ ဟန်းမိတ်ပစ္စည်းလေးတွေကို ကျွန်မရဲ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သဘောကျလို့ ဝယ်ယူကြတဲ့အတွက် online ကနေ ဖြန့်ချိရောင်းချဖို့ အိုင်ဒီယာ ရခဲ့တာပါ။

ကျွန်မက အဲ့အချိန်ကစပြီး ဟန်းမိတ်လတ်ဝတ်ရတနာအမျိုးမျိုးကို တီထွင်ဖို့ ရူးသွပ်ခဲ့ပါတယ်။ အဲ့တာကြောင့် သတ်ဆိုင်ရာ ပညာရပ်အမျိုးမျိုးကိုလည်း တစိုက်မတ်မတ် ဆက်လက်လေ့လာဆည်းပူးနေပါတယ်။ ကျွန်မရဲ့လုပ်ငန်းက လက်မှုနည်းပညာ အဓိက ဖြစ်ပေမယ့် ကျောက်အမျိုးမျိုးကို အသုံးပြုရပါတယ်။ ရတနာလုပ်ငန်းနဲ့ဆက်စပ်နေတဲ့အတွက် မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ မှန်ကန်တဲ့ ပစ္စည်းများကို ဝယ်ယူသုံးစွဲသူများထံ ဝန်ဆောင်မှုပေးနိုင်အောင် Yangon Gemological Institute and Laboratory မှာ Advanced Gemology Course ကိုလည်း လေ့လာပြီးမြောက်ထားပါတယ်။ Gemological Institute of America ကပေးအပ်တဲ့ Diploma in Applied Jewelry Professional (A.J.P) ကိုလည်း ရရှိထားပါတယ်။

ကိုယ်တိုင်လက်နဲ့ ဖန်တီးရတာကိုနှှစ်သက်တဲ့အတွက် Metalsmithing/silversmithing technique တွေကိုလည်း Fairy Jewelry Design School မှာ တက်ရောက်ဆည်းပူးထားပါတယ်။

ကျွန်မကိုယ်တိုင် ဟန်းမိတ်လေးတွေ လုပ်ရတာကိုပျော်တဲ့အပြင် ကျွန်မလိုပဲ အားလပ်ချိန်မှာ ဟမ်းမိတ်လက်ဝတ်ရတနာလေးတွေ ပြုလုပ်ချင်တဲ့ သူတွေအတွက် ပညာမျှဝေချင်တဲ့ ဆန္ဒနဲ့ ၂၀၁၉ ခုနှစ်ထဲမှာ အလျင်းသင့်သလို Jewelry Making Workshop လေးတွေ စတင်ပြုလုပ်ပေးဖြစ်ပါတယ်။ ဟန်းမိတ် လက်ဝတ်ရတနာ ပြုလုပ်ဖို့ စိတ်ပါဝင်စားတဲ့သူတွေအားလုံးကို သင်တန်းလေး လာတက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ 

သီးသန့်တစ်ဦးချင်းသင်ကြားချင်တဲ့ သူတွေအတွက်လဲ အားတဲ့အချိန်ညှိပြီး သင်ကြားပြသပေးပါတယ်။ နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားလို့ သင်တန်းတက်ဖို့ စုံစမ်းတာရှိတဲ့အတွက် သူတို့ကိုလည်း သင်ပေးဖြစ်ပါတယ်။ India နဲ့ Russia နိုင်ငံသူတွေကို သင်ပေးခဲ့ဘူးပါတယ်။ 

ရန်ကုန်ကို ကိုယ်တိုင် သင်တန်းလာတက်ဖို့ အဆင်မပြေတဲ့ နယ်က သူတွေအတွက် အဆင်ပြေအောင် Online Class လေးကို ၂၀၂၀ ခုနှစ် နှစ်လယ်မှာ ဖွင့်လှစ် သင်ကြားပေးနေပါတယ်။ နောက်ပိုင်းမှာ အခြေခံသင်တန်းအပြင် တခြားကြိုက်နှစ်သက်ရာ ဟန်းမိတ်လက်ဝတ်ရတနာ ပြုလုပ်နည်းသင်တန်းမျာကို ရွေးချယ်လေ့လာနိုင်အောင် ဘာသာရပ်တွေထပ်မံ တိုးချဲ့ ဖွင့်လှစ်ပေးဖို့ ကြိုးစားနေပါတယ်။

 

Handmade (ဟန်းမိတ်)ဆိုတာ ဘာလဲနဲ့
လက်မှုပညာရပ် အသုံးဝင်မှု

Handmade (ဟန်းမိတ်) ဆိုတာ အရိုးရှင်းဆုံးပြောရရင် လက်တစ်မျိုးထဲနဲ့ ဖန်တီးထုတ်လုပ်တဲ့ အရာမှန်သမျှကို ခေါ်ပါတယ်။ ယခုခေတ်မှာ စက်မှုနည်းပညာတွေ ပိုမိုတိုးတက်လာတဲ့အလျှောက် လက်မှုပညာနဲ့ ဆန်းသစ် တီထွင်မှုတွေ အားနည်းလာတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ ဟန်းမိတ် ပစ္စည်းလေးတွေ ရှာပါးလာတဲ့အတွက် ဟန်းမိတ်ကို တန်ဖိုးထားပြီး ဝယ်ယူကြပါတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဟန်းမိတ်ပြုလုပ်ခြင်းကို သေးသိမ်တဲ့ အလုပ်တစ်ခုအဖြစ် မြင်နေကြဆဲဖြစ်ပြီး သိပ်တန်ဖိုးမထားကြလို့ ဟန်းမိတ်လုပ်တဲ့သူတွေ ထိုက်သင့်တဲ့ အခကြေးငွေကို မရကြတာကို စိတ်မကောင်းဖြစ်စွာ တွေ့မြင်နေရပါတယ်။ တခြားတစ်ဖက်မှာလည်း ကျွန်မတို့နိုင်ငံက လက်မှုပစ္စည်းပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုကို မြင့်တင်ပြီး ပြည်ပ‌ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အရေးကြီးလှပါတယ်။

တကယ်တော့ လက်မှုပညာရပ်တွေက အရမ်းအသုံးဝင်ပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အမျိုးသမီးအများစု အထူးအဖြင့် အိမ်ထောင်ရှင်မတွေဟာ ကလေးရလာတဲ့အခါ ကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့ဖြစ်ဖြစ်၊ တခြားအခက်အခဲတစ်ခုခုကြောင့်ဖြစ်ဖြစ် မိမိရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို စွန့်လွှတ်လိုက်ရတာတွေ မကြာခဏ ကြားမြင်နေရပါတယ်။ ဒီလိုမျိုးကြုံတွေ့ရတဲ့အခါ စိတ်ပျက် အားငယ်မနေပဲ ကိုယ်စိတ်ဝင်စားတဲ့အရာ တစ်ခုခုကို လုပ်ကိုင်သင့်ပါတယ်။ ကလေးကျောင်းသွားတဲ့အချိန်၊ အားလပ်တဲ့ချိန်မှာ စိတ်ဝင်စားတဲ့အရာ တစ်ခုခုကိုလုပ်ရင် အပျင်းပြေသလို တစ်နိုင်တစ်ပိုင် အပိုဝင်ငွေလဲ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်

ကျွန်မမှာ သင်တန်းဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်သုံးချက် ရှိပါတယ်။ ပထမအချက်က ကျွန်မနဲ့ ဝါသနာတူတဲ့ လူတွေကို ပညာမျှဝေပေးချင်လို့ဖြစ်ပါတယ်။ ဒုတိယအချက်က အမျိုးသမီးတွေကို ကိုယ်စိတ်ဝင်စားတဲ့ လက်မှုပညာရပ်နဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်နိုင်အောင် ကူညီပေးချင်လို့ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ လက်မှုပစ္စည်းလေးတွေရဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုကို မြှင့်တင်ပြီး ခိုင်မာတဲ့ ဟန်းမိတ်ဈေးကွက်တစ်ခု ပေါ်ပေါက်လာဖို့ လုပ်ဆောင်ကြတဲ့ community တစ်ခု ပေါ်ပေါက်လာဖို့ပဲ ဖြစ်ပါတယ်။